" မင်္ဂလာပါ " သတင်းကွန်ယက် မီဒီယာ ဝက်ဆိုက်အား အချိန်မှီ ဖွင့်လှစ်နိုင်ရန်အတွက် ပြုပြင်လျှက် ရှိနေပါသည်။ အလည်ရောက်လာကြသော စာဖတ်ပရိတ်သတ်များ တစ်ခုခု အဆင်မပြေပါက သည်းခံ နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။ ကျေးဇူးတင်စွာဖြင့် * သတင်းကွန်ယက် မီဒီယာ *

Wednesday, October 20, 2010

မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိလာသော ဆယ်ကျော်သက် မိန်းကလေးများ

မလေးရှားနိုင်ငံအတွင်းရှိ အမျိုးသမီးငယ်လေးများ အိမ်ထောင် မပြုဘဲ ကိုယ်ဝန်ရရှိလာသည့် ပြဿနာနှင့် လင်ကောင်မပေါ်ဘဲ ကလေး မွေးဖွားလာသည့် ဖြစ်ရပ်များ တစ်နေ့တခြား တိုးပွားလျက်ရှိသည့် အကြောင်းကို စက်တင်ဘာ (၁၈) ရက်နေ့ထုတ် The Sun သတင်းစာတွင် ရေးသား ဖော်ပြခဲ့သည်။
လူမှုရေး ကူညီဆောင်ရွက်မှု လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နေသည့် Grace Community Services သို့ သွားရောက် လေ့လာခဲ့သည့် Zakich Koya သည် မွေးဖွားခါနီးဖြစ်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်နှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါ မိန်းကလေးငယ်နှစ်ဦးက ၎င်းတို့ ကြုံတွေ့ခံစားခဲ့ရပုံများ ကို ထုတ်ဖော်ပြောကြားသွားခဲ့ပါသည်။ ယင်းမိန်းကလေးငယ် နှစ်ဦးအနက် ပထမတစ်ဦးဖြစ်သူသည် ယောက်ျားလေးသူငယ်ချင်းဖြစ်သူ၏ လိင်ဆက်ဆံ မှုကို ခံရပြီး အဆိုပါ ယောက်ျားလေးသူငယ်ချင်းက ခွဲခွာသွားခြင်းကို ခံရသူ ဖြစ်သည်။ ဒုတိယ မိန်းကလေးမှာမူ သူစိမ်းယောက်ျားတစ်ယောက်၏ မုဒိမ်းကျင့်မှုကို အလိုမတူဘဲ ခံရသူဖြစ်သည်။ ပထမတစ်ဦးအနေဖြင့် မွေးဖွား လာမည့် ကလေးကို စွန့်ပစ်ရန်ဆန္ဒရှိပြီး ဒုတိယတစ်ဦးမှာ မွေးဖွားလာမည့် ကလေးကို ကြီးပြင်းလာသည်အထိ စောင့်ရှောက်မည့်သူဖြစ်ကြောင်း သိရှိခဲ့ ရသည်။
ဂျင်းနီ (နာမည်ရင်းမဟုတ်) အမည်ရှိသော ပထမမိန်းကလေးငယ်မှာ အသက် (၁၉) နှစ်အရွယ်ရှိသူဖြစ်ပြီး Kuching (Sarawak) တွင် နေထိုင်သူ တစ်ဦး ဖြစ်သည်။ ဓါတ်ခွဲခန်းလက်ထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ဖခင်မရှိဘဲ မိခင်နှင့် အတူနေသူ ဖြစ်သည်။ သူမ၏ ကိုယ်ဝန်ရလာပုံ အကြောင်းရင်းကို မေးမြန်းကြည့်သည့်အခါ ပြန်လည်ဖြေဆိုခြင်း မရှိဘဲ မျက်ရည်များသာ ကျဆင်းလာသည်ကို တွေ့ရသည်။ သူမ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို ဤသို့ ပြန်လည်ပြောပြသည်။
“ကျွန်မရဲ့ ရည်းစားနဲ့ ကျွန်မဟာ တစ်ယောက်နဲ့တစ်ယောက် ထိတာကိုင်တာမျိုးတောင် မလုပ်ခဲ့တာ တစ်နှစ်နီးပါး အချိန်ထိ ရှိခဲ့ပါတယ်။ သမီးရည်းစားဘ၀နဲ့ ကိုးလလောက်ကြာပြီးတဲ့နောက်ပိုင်းမှာ ကျွန်မရဲ့လက် ကို ကိုင်ခွင့်ပြုခဲ့ပါတယ်။ တစ်နေ့မှာ ကျွန်မရဲ့ သူငယ်ချင်းက သူ့ညီမ မွေးနေ့ပွဲကို လာဖို့ ပြောပါတယ်။ သူငယ်ချင်းတော်တော်များများလည်း ဒီမွေးနေ့ပွဲကို လာလိမ့်မယ်လို့ သူကပြောပါတယ်။ တကယ်တော့ အဲဒီ မွေးနေ့ပွဲဟာ ပါတီပွဲတစ်ခု ဖြစ်နေတယ်ဆိုတာ ကျွန်မ သိခဲ့ရပါတယ်။ နောက်ဆုံး ကျွန်မကို သူက အရက်တွေ တိုက်ခဲ့ပါတယ်။ ကျွန်မ သတိရလာ လို့ ကြည့်လိုက်တော့ သူ့ရဲ့ အိပ်ယာပေါ်မှာ ရောက်နေတာကို သိလိုက်ရ ပါတယ်။”
“ကျွန်မတစ်ကိုယ်လုံး တကယ့်ကို နာကျင်နေတာကိုလည်း ခံစား လိုက်ရပါတယ်။ ကျွန်မကို မုဒိမ်းကျင့်လိုက်ပြီဆိုတာကိုပါ သဘောပေါက် လိုက်ရပါပြီ။”
“ကျွန်မရဲ့ ရည်းစားကို ကြည့်လိုက်တော့ သူဘာမှ မဖြစ်သလို ပုံစံနဲ့ ခန်းမထဲမှာ တီဗီ ထိုင်ကြည့်နေတာကို တွေ့ရပါတယ်။ ကျွန်မကို ဘာတွေ လုပ်ခဲ့သလဲလို့ မေးတဲ့အခါ သူက ဘာမှမလုပ်ပါဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မသိခဲ့ပါတယ်။ ကျွန်မ ထိတ်ထိတ်ပျာပျာ ဖြစ်ခဲ့ရပါတယ်။ အမေ့ကို ကျွန်မ ဘယ်လို မျက်နှာချင်းဆိုင်ရပါ့မလဲလို့ ကြောက်ရွံ့ထိတ်လန့်လာခဲ့ပါတယ်။ အဲဒီနောက် ကျွန်မလည်း ကျွန်မရဲ့ အိမ်ကို ပြန်လာခဲ့ပါတယ်။ ကျွန်မ ဖြစ်ပျက်ကြုံတွေ့ခဲ့တာတွေကို ဘယ်သူ့ ကိုမှ မပြောပြခဲ့ပါဘူး။ သူ့ကိုလည်း အဆက်အသွယ်မလုပ်တော့ပါဘူး။”
“ကျွန်မရဲ့ ရာသီသွေး မပေါ်တဲ့အကြောင်းကို (၄) လမြောက်တဲ့ အချိန်ရောက်တော့မှ ကျွန်မရဲ့ အမေကို ဖွင့်ပြောလိုက်ပါတယ်။ အမေက ဒီ ကိုယ်ဝန်ကို ဖျက်ချဖို့ ပြောပါတယ်။ ဒါကို ကျွန်မ ငြင်းလိုက်ပါတယ်။ ဒီလိုလုပ်တာ မမှန်ဘူးလို့ ကျွန်မထင်ပါတယ်။ နောက်ဆုံးတော့ အမေက ကျွန်မကို ဦးလေးတစ်ယောက်ရဲ့ အိမ်ကို ပို့လိုက်ပါတယ်။ ဦးလေးရဲ့ အိမ်ကနေပြီး အခု ဒီနေရာကို ရောက်လာတာပါပဲ။”
“ဒီနေရာကို ရောက်လာပြီးတဲ့နောက် ကျွန်မကိုယ်ကျွန်မ ဘာလုပ်ရမယ်ဆိုတာကို သိလာပါတယ်။ ဒီမှာရှိတဲ့ အဖွဲ့ဝင်တွေကလည်း ကျွန်မကို ကူညီကြပါတယ်။ ကျွန်မဖတ်ဖို့ စာအုပ်တွေလည်း ပေးတယ်။”
“ကျွန်မမွေးလာမယ့် ကလေးကို တခြားသူကို ပေးပစ်လိုက်ပြီး ကျွန်မ ပညာဆက်သင်မယ်လို့ စိတ်ထဲက ဆုံးဖြတ်လိုက်မိပါတယ်။ ပထမတော့ အခက်အခဲတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မနေတတ်အောင် နေသွားမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ဒုတိယမြောက် ကိုယ်ဝန်ဆောင်မိန်းကလေးသည် အသက် (၂၁) နှစ်အရွယ်ဖြစ်ပြီး "ရေချယ်'' (နာမည်ရင်းမဟုတ်) ဖြစ်ပါသည်။ သူမသည် ရှော့ပင်းမောလ်တစ်ခုတွင် ငွေကိုင်အဖြစ် လုပ်ကိုင်နေသူဖြစ်သည်။ သူမ၏ အဖြစ်အပျက်ကို ပြောပြရာတွင် _
"ကျွန်မရဲ့ အဖြစ်အပျက်ကတော့ ကားကြုံစီးဖို့ စောင့်ရင်း မုဒိမ်းကျင့်ခံရတာပါပဲ။ ဖြစ်ပုံက ဒီလိုပါ။ အဲဒီနေ့ ကျွန်မ အိမ်ကိုပြန်တဲ့ အချိန်ဟာ (၁၀) နာရီထိုးပြီးချိန်လောက် ဖြစ်ပါတယ်။ တစ်လမ်းလုံးလည်း မှောင်နေပြီး ဘတ်စ်ကားတို့၊ တက္ကစီတို့လည်း တစ်စီးမှ မတွေ့မိဘူး။ ဒါကြောင့်လည်း တစ်ယောက်တည်း လမ်းလျှောက်လာရင်း ကားကြုံတွေ့ မလားလို့ စိတ်ထဲကတွေးလာမိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကားတစ်စီး တွေ့လိုက်တဲ့အတွက် လမ်းကြုံလိုက်ဖို့ ပြောလိုက်တဲ့အခါ ကားမောင်းလာ သူကလည်း သဘောတူလက်ခံခဲ့တဲ့အတွက် ကားပေါ်ကို တက်လိုက်မိပါ တယ်။ ကားပေါ် ရောက်ရောက်ချင်းပဲ ဘီယာဗူးခွံတွေ တွေ့လိုက်ရတာ ကြောင့် ဒီကားသမားဟာ ဘီယာသောက်ထားတယ်ဆိုတာ သိလိုက်ပါပြီ။ အဲဒီနောက်တော့ ကျွန်မကို မုဒိမ်းကျင့်လိုက်တဲ့ အဆင့်ရောက်သွားတော့ တာပါပဲ။”
“ကျွန်မရဲ့ ရာသီသွေး မလာတော့တာ (၄) လ ရှိတဲ့နောက်မှာ တော့ ကျွန်မသိလိုက်တာတစ်ခုက ကျွန်မ ကိုယ်ဝန်ရှိနေပြီဆိုတာပါပဲ။ ဒီကိစ္စကို ဘာသာရေးကိုင်းရှိုင်းတဲ့ ကျွန်မသူငယ်ချင်းကို ပြောပြလိုက်မိပါ တယ်။ သူကတော့ ဒီကိစ္စကို မေ့ထားလိုက်ပြီး ငါ ဘာကိုယ်ဝန်မှ မရှိဘူးဆိုတဲ့ သဘောမျိုးနဲ့ နေထိုင်သွားပါဆိုတဲ့ သဘောမျိုး ပြန်ပြောခဲ့ပါတယ်။”
“ကျွန်မမှာ ကိုယ်ဝန်ရှိနေတာ သေချာလို့ ကျွန်မရဲ့ အမေကို ပြောပြလိုက်ရပါတယ်။ အမေက ကျွန်မကို အပြစ်မတင်တဲ့အပြင် အားပေး စကားတွေ ပြောပါတယ်။ သမီးဘာမှ အမှားလုပ်ခဲ့တာ မရှိပါဘူး။ မွေးလာ မယ့် ကလေးဟာလည်း တကယ့်ကို အပြစ်ကင်းတဲ့ ကလေးပါပဲလို့ အမေက ကျွန်မကို နှစ်သိမ့်ပါတယ်။”
“ကျွန်မကိုယ်ဝန်ဆောင်ထားရတဲ့ ကလေးမွေးလာပြီဆိုရင် ဒီ ကလေးကို ပြုစုစောင့်ရှောက်ဖို့ ကျွန်မ ဆုံးဖြတ်ထားပါတယ်။ ဒီကလေးဟာ ကျွန်မရဲ့ အသွေးအသားပါ။ ဒီကလေးကို မုန်းတဲ့စိတ် ကျွန်မမှာ မရှိပါဘူး။”
“ကျွန်မကို မုဒိမ်းကျင့်သွားတဲ့ လူနဲ့ သူ့ရဲ့ကားကို မမှတ်မိတဲ့ အတွက် တိုင်ချက်ဖွင့်လို့ မရနိုင်ဘူးဆိုတာကို ရဲစခန်းက ပြောလိုက်ပါတယ်။ ကျွန်မ အလုပ်သွားလုပ်နေတဲ့အချိန်မှာ ကျွန်မရဲ့ကလေးကို စောင့်ရှောက် ပေးနိုင်မယ့်အိမ်ကို ကျွန်မရှာရအုံးမှာပါ။ ကျွန်မရဲ့ ဘ၀မှာ ကျွန်မရယ်၊ ကျွန်မရဲ့ ရင်သွေးငယ်နဲ့အတူ ဘ၀ခရီးကို ကြိုးစားလျှောက်ရတော့မှာပါ'' လို့ ပြောသွားခဲ့ပါတယ်။
အားကိုးဖွယ်ရာ အနားမှာမရှိ၊ မားမားမတ်မတ် ရပ်တည်မယ့် သူခင်ပွန်း အနားမှာမရှိပါဘဲ သူ့ရဲ့သွေးသားကို မွေးမြူရင်း လူ့လောကထဲမှာ စမ်းတ၀ါးဝါး လျှောက်လှမ်းကြရမယ့် မိန်းကလေးငယ်များနဲ့ ကလေးများ ဘယ်လောက်တောင် ရှိနေမလဲလို့တွေးရင်း လူမဆန်တဲ့ ယောက်ျားများ နည်းပါးပါစေဟုသာ ဆုတောင်းနေမိပါတော့သည်။
ဇေယျအောင်
Ref: The Sun

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More